Features and benefits of Windows 10 Enterprise LTSC


သူများတကာတွေ Windows 10 သုံးနေကြတာတွေ့လို့ ကိုယ့် ကွန်ပျူတာကိုလည်း Windows 10 ပြောင်းသုံး ရင်ကောင်းမလားဆိုပြီး တွေးနေမိသလား။
Windows 10 ကိုသုံးချင်ပေမယ့် တကယ်တမ်း အသုံးချရမယ့်အချိန်မှာ စက်ရဲ့ Hardware Requirements က နိမ့်လို့ Performance မကောင်းမှာမျိုး စိုးရိမ်နေသလား။
လက်ရှိ Windows 10 သုံးနေပေမယ့် အရင်သုံးခဲ့ဖူးတဲ့ Windows (Windows 8.1, 8, 7) တွေလို သွက်သွက် လက်လက်မရှိဘဲ နှေးကွေးလေးလံနေတယ်လို့ ခံစားနေရသလား။
ကိုယ်လည်း အမှန်တကယ်သုံးဖြစ်တာမဟုတ်ဘဲ မလိုဘဲထည့်ထားတဲ့ Applications တွေ Windows 10 မှာ ပိုများနေတယ်လို့ ခံစားနေရသလား။
သုံးချင်တာက Windows 10 Pro -  ဒါပေမယ့် စက်ရဲ့ Performance မနိုင်မနင်းဖြစ်မှာစိုးလို့ Windows 10 Home/Basic လောက်ကိုဆင်းပြီး အဝေးတစ်နေရာကနေ Pro Features တွေ ငါ့စက်က ဘယ်တော့မှ သုံးနိုင်မှာပါလိမ့်လို့ ကျိတ်မနိုင်ခဲမရဖြစ်နေသလား။
…… သလား
….... သလား
…… သလား။
ကွန်ပျူတာနဲ့ ရင်းနှီးသူအများစု ခုနောက်ပိုင်းမှာ Windows 10 ကို ရင်းနှီးနေကြပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံက ကွန်ပျူတာ အသုံးပြုသူအများစုရဲ့ စိတ်ထဲမှာတော့ Windows 10 ကို Windows 7 နဲ့ Windows 8.1 တို့လောက် ကျေနပ်မှု မရနိုင်ကြသေးဘူးလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာဖောင့်တွေနဲ့ ပတ်သက်ပြီး တချို့ သော အဆင်မပြေကြသူ အများစုက Negative Feedback ပေးကြတာ၊ Microsoft ကနေ ထုတ်တဲ့ နောက်ဆုံး OS ဖြစ်တာကြောင့် Hardware Requirements တောင်းတာ များလာတာ၊ Graphic Cards ကောင်းကောင်း ကန်းကန်းမပါရင် သုံးဖို့အဆင်မပြေတာ၊ လက်ရှိရင်းနှီးပြီးသား Interface တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲ ဖို့ စိန်ခေါ်မှုကို ရင်မဆိုင်ချင်တာ အစရှိသဖြင့် အ​ခြေအနေအမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း Windows 10 ကို စထွက်စဉ်ကတည်းက တစိုက်မတ်မတ် သုံးချင်ခဲ့ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကြောင့် Windows 10 သုံးနေရာကနေ မကြာခဏ Windows 8.1 ကို ပြန်ဆင်းဆင်းပြီး သုံးခဲ့ရပါတယ်။ Windows 10 သုံးချိန်မှာ ကျွန်တော့်အတွက် အဓိက အဆင်မပြေတဲ့ ပြဿနာကတော့ Graphics ပြဿနာပါ။ ပုံမှန်အမြဲသုံးနေရတဲ့ AutoCAD, Sketchup, Solidworks, Siemens NX တွေဆိုရင် Windows 10 Pro နဲ့ တွဲသုံးချိန်မှာ Graphics မနိုင်မနင်းဖြစ်ပြီး အလုပ်လုပ်ရတာ အဆင်မပြေ ဖြစ်ရပါတယ်။ Office ဆိုရင်လည်း 2016, 2019 သုံးရင် ကျွန်တော့်စက်က Hang ပါတယ်။ Windows 10 Pro ကို မနိုင်လို့ ဖြစ်မယ်ဆိုပြီး Windows 10 Home အထိ ဆင်းသုံးဖူးပါတယ်။ အဆင်မပြေခဲ့ပါဘူး။
နောက်ဆုံးမှာ ကျွန်တော် အဖြေတစ်ခု ရှာတွေ့ခဲ့ပါတယ်။ အဲ့အတွက်လည်း ဒီအကြောင်းကို ရေးဖြစ်တာပါ။ Windows 10 သုံးပေမယ့် ကျွန်တော့်လို စိတ်တိုင်းမကျ ဖြစ်နေသူတွေ၊ အပေါ်ဆုံးမှာ မေးခဲ့တဲ့ မေးခွန်းတွေနဲ့ ကိုက်ညီနေသူတွေ ဒီနည်းကို စမ်းသပ်ကြည့်ပါ။
အဖြေကတစ်ခုတည်းပါ။
လက်ရှိသုံးနေတဲ့ Windows 10 အစား Windows 10 Enterprise LTSC Version (Long-Term Servicing Channel) ကို ပြောင်းသုံးကြည့်ပါ။
Windows 10 Enterprise LTSC version ဆိုတာ တော်တော်များများ မကြားဖူး မရင်းနှီးကြပါဘူး။ အများစုက Windows 10 Pro/Enterprise လောက်ကိုပဲ အသုံးများပြီး ကြားဖူးကြပါတယ်။ ပုံမှန်လူသုံးများတဲ့ Windows 10 Pro/Enterprise တွေမှာ တကယ်တော့ လူကြိုက်သိပ်မများတဲ့ (လူသိပ်မသုံးတဲ့) Built-in Apps တွေ (ဥပမာ အနေနဲ့ ပြောရရင် Stores, Edge browser, Maps, Cortana, .) စတဲ့ Metro Apps တွေ၊ Games တွေ အတော်များများ ပါဝင်နေပါတယ်။ အဲ့တာတွေအပြင် ဘာမှမပြုမပြင်ပဲ ဆိုင်ကတင်ပေးလိုက်တဲ့အတိုင်း သုံးတဲ့ အခါ Background Processes အရမ်းများပြီး System Resources အတော်ပေးရသလို၊ ပုံမှန်အများစု သိပ်သတိမထားမိကြဘဲ နေရာပေးထားရတဲ့ Apps တွေလည်း Windows 10 မှာ တော်တော်များများ ပါဝင်နေပါတယ်။ အဲ့ Apps တွေထဲက တချို့ကို အလွယ်တကူ ဖြုတ်ပစ်လို့ရပေမယ့် တချို့ကတော့ ဖြုတ်ပစ်ဖို့မလွယ်ပါဘူး။
အဆိုးဆုံးပြဿနာကတော့ အင်တာနက်ချိတ်ပြီး သုံးလေ့ရှိတဲ့ စက်တွေမှာ Windows 10 တင်ထားရင် User ဆီကနေ ခွင့်ပြုချက်မတောင်းဘဲ သူ့ဘာသာ မကြာခဏ Updates တွေ ဒေါင်းလုပ်ချပြီး နောက်ကွယ်ကနေ Install လုပ်နေတဲ့ ပြဿနာပါ။ Windows 10 ကို လူမုန်းများကြတဲ့ အချက်တွေထဲမှာ Windows Updates ကို  ပိတ်ဖို့မလွယ်တဲ့အချက်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Windows 10 မှာ စထွက်ကတည်းကနေ လက်ရှိအချိန်ထိ ထုတ်ထားပြီးတဲ့ Updates တွေက အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်-
  1. Windows 10 November Update (version 1511) (codename Threshold 2 or TH2)
  2. Windows 10 Anniversary Update (version 1607) (codename Redstone 1 or RS1)
  3. Windows 10 Creators Update (version 1703) (codename Redstone 2 or RS2)
  4. Windows 10 Fall Creators Update (version 1709) (codename Redstone 3 or RS3)
  5. Windows 10 April 2018 Update (version 1803) (codename Redstone 4 or RS4)
  6. Windows 10 October 2018 Update (version 1809) (codename Redstone 5 or RS5)
အဲ့တာကြောင့် Windows 10 ချင်းတူပေမယ့် ကိုယ့်စက်မှာ တင်ထားတဲ့ Windows 10 ဟာ ထိပ်ဆုံးက Version 1511 များ ဖြစ်နေခဲ့မယ်ဆိုရင် နောက်ဆုံး Version 1809 ဒေါင်းလုပ်ချပြီး Install လုပ်လို့မပြီးမချင်းနောက်ကွယ် ကနေ ဒီ Windows Updates က Run နေမှာပါ။ Windows 10 Automatic Updates ကို ပြင်ဆင်ဖို့အတွက် နည်းလမ်းတချို့ ရှိသလို ခုနောက်ထွက်မယ့် Windows 10 May 2019 Update မှာလည်း အဲ့ဒီ့ချို့ယွင်းချက်ကို ပြင်ဆင်သွားမယ်လို့ Microsoft က ဆိုထားပါတယ်။ ဒါပေမယ့် အဲ့ဒီ့အခြေအနေကို မရောက်လာမချင်း End Users တွေအတွက်တော့ Windows Updates နဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာတွေ ရှိနေရဦးမှာပါ။

What is Windows 10 Enterprise LTSC Version?
Windows 10 Enterprise LTSC ဆိုတာ အကြီးစား စီးပွားရေးလုပ်ငန်းတွေနဲ့ အလယ်အလတ်တန်းစား စီးပွားရေး လုပ်ငန်းတွေမှာ အသုံးပြုကြတဲ့ ကွန်ပျူတာတွေအတွက် New Features တွေကို ဦးစားမပေးဘဲ Stable ဖြစ်ဖို့ ဦးစားပေး ဖန်တီးထားတဲ့ Enterprise Version တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်တွေ ကတော့-
  • မဖြစ်မနေလိုတဲ့ Security Updates အနည်းအကျဉ်း Install လုပ်တာကလွဲရင် ပုံမှန် Windows 10 တွေမှာလို Updates ပြဿနာလုံးဝမရှိဘဲ Long-term support ပေးပါတယ်။
  • ၂ နှစ် သို့မဟုတ် ၃ နှစ်ခြားမှ တစ်ခါသာ Major Release ထွက်ပြီး ထွက်တဲ့ Release တစ်ခုချင်းစီတိုင်းကလည်း Security Updates ကို ၁၀ နှစ်ထိ ပံ့ပိုးပေးပါတယ်။
  • Windows 10 Enterprise LTSC မှာ အများစု မကြိုက်(မသုံးဖြစ်ကြတဲ့) Store Apps တွေ၊ Edge Browser၊ Cortana စတာတွေ မပါသလို Windows Store ကိုပါ ထည့်မထားပါဘူး။
  • အသုံးပြုသူရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းတဲ့ Telemetry နဲ့ ဆက်စပ်နေတဲ့ Services တွေကိုလည်း Windows 10 Enterprise LTSC မှာ အားလုံးနီးပါး အပြီးပိတ်ထားလို့ရပါတယ်။
  • မလိုလားတဲ့ Apps တွေနည်းတဲ့အတွက်တော့ System Resources အသုံးပြုမှုလည်းနည်းပြီး ပုံမှန် Hardware Requirements နိမ့်တဲ့ စက်တွေမှာတောင် Windows 10 ကို ပေါ့ပေါ့ပါးပါး သုံးနိုင်တာတွေ့ရပါတယ်။
  • Updates တွေ ခဏခဏ ဒေါင်းလုပ်ချပြီး Install လုပ်နေတာမျိုး မရှိလို့ System က Stable ဖြစ်ပြီး Performance လည်း အတော်လေး ကောင်းလာတာတွေ့ရပါတယ်။
  • ကျွန်တော်အကြိုက်ဆုံး အချက်တစ်ခုကတော့ Graphics သုံးရတဲ့ Apps တွေကို တခြား Windows 10 တွေနဲ့ မတူပဲ ပေါ့ပေါ့ပါးပါး သုံးနိုင်တဲ့အချက်ပါ။
အဲ့တာတွေကြောင့်မို့ Stable ဖြစ်တဲ့ Windows 10 ကို ပေ့ါပေါ့ပါးပါး သုံးချင်သူတွေအတွက် တခြားတခြားသော Windows 10 Versions တွေထက် Windows 10 Enterprise LTSC ကို ပြောင်းသုံးဖို့ ကျွန်တော် အကြံ ပေးချင်ပါတယ်။ တစ်ခုသိထားဖို့လိုတာ Windows 10 Enterprise LTSC သည် ပုံမှန် Windows Users တွေအတွက် တရားဝင်ရောင်းတဲ့ OS မဟုတ်လို့ ရန်ကုန်မှာရှိတဲ့ Computer ခွေအရောင်းဆိုင်တွေမှာ ရနိုင်ဖို့ မသေချာပါဘူး။ Windows 10 Enterprise LTSC ဆိုတာကို သိချင်မှတောင် သိပါလိမ့်မယ်။ ဒါဆို Windows 10 Enterprise LTSC ကို ဘယ်မှာရှာလို့ရနိုင်မလဲ။
ဟုတ်ကဲ့။ အင်တာနက်ရှိရင် အလွယ်တကူ ဒေါင်းလုပ်ချလို့ရတဲ့ နေရာတွေရှိပါတယ်။ ခုနောက်ဆုံးထွက်ထားတဲ့ Windows 10 Enterprise LTSC 2019 Build 17763.437 (Updated Apr. 2019) x86 / x64 ဆိုရင်  ဒီနေရာမှာ တွေ့မိပါတယ်။
ဒီလိုတွေပြောခဲ့လို့ Windows 10 Enterprise LTSC က အားနည်းချက်တွေ မရှိတော့ဘူးလား …
ဒီလိုတော့လည်း မဟုတ်ပါဘူး သူ့မှာလည်း  စဉ်းစားစရာလေးတွေ တော့ ရှိပါသေးတယ်။ ဒါတွေပြောနေရင် ရှည်ကုန်မှာစိုးလို့ ဒီလောက်နဲ့ပဲ နားလိုက်ပါဦးမယ်။

Benefits of Using Clean Windows & Office ISO


ဒီဘက်ခေတ်မှာလေ အရာရာတိုင်းက အတုအယောင်တွေများတယ်။ လူတွေ၊ ပစ္စည်းတွေကနေစပြီး အိပ်မက်တွေထိ အတုအယောင်တွေ ရှိကြတယ်။ အတုတွေများလွန်းလို့ ဘယ်ဟာက အစစ်ဆိုတာကိုတောင် ခွဲခြားဖို့ မဖြစ်နိုင်လောက်တော့တဲ့ အထိပဲ။

နည်းပညာလောကမှာလည်း အတုအယောင်တွေများတယ်။ အထူးသဖြင့် လူအများစု တစိုက်မတ်မတ် သုံးနေကြတဲ့ Operating System တွေ၊ Applications တွေမှာဆို ပိုလို့တောင် အတုအယောင်တွေ များသေးတယ်။ လက်ရှိ ကမ္ဘာ့ဈေးကွက်မှာဆိုရင် လူသုံးအများဆုံး Operating System က Windows ပေါ့။ သူက ဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းထိ ပိုင်ထားတာတွေ့ရတယ်။ macOS တို့ Linux တို့ကတော့ သူ့နောက်မှာပေါ့။


သူ့လိုပဲ လူသုံးအများဆုံး Office Applications က Microsoft Office လို့ ပြောရင် မှားမယ်မထင်ဘူး။ ရုံးသုံး၊ ကျောင်းသုံး၊ တစ်ကိုယ်ရေ တစ်ကာယသုံး အများစုကတော့ Microsoft Office ကိုပဲ သုံးကြတာများတယ်။ တစ်ချို့ Office Applications ကို Free သုံးချင်သူတွေ၊ Budget ချွေတာချင်သူတွေ၊ Open Source ကြိုက်သူတွေကတော့ LibreOffice တို့၊ OpenOffice တို့သုံးကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ Windows နဲ့ Office ကတော့ လက်ရှိအချိန်ထိ လူသုံးအများဆုံး ဖြစ်နေဆဲပဲ။

အဲ့တော့ အပေါ်မှာ ပြောခဲ့တာကို ပြန်ဆက်ရရင် လူသုံးအများဆုံး အရာတွေမှာ အတုအယောင် ပိုများတတ်တဲ့ သဘောအရ Windows နဲ့ Office မှာ နားမလည်သူတွေ သဘောကျအောင် ပုံစံမျိုးစုံနဲ့ ပြင်ဆင်တုပထားတဲ့ Windows ခွေတွေ၊ Office Edition တွေ တစ်စထက်တစ်စ ပိုများလာတာ တွေ့ရတယ်။ နားမလည်တဲ့သူဆို ဘယ် Windows ခွေ ရွေးရမယ်မှန်း၊ ဘယ် Office Edition သုံးရမှန်းတောင် မသိနိုင်လောက်အောင်ကို စိတ်ရှုပ်ထွေးစရာ ဖြစ်လာတတ်တယ်။ အတုအယောင် Windows ခွေဆိုတာ ဥပမာပြရရင် အောက်မှာ ပြထားသလိုမျိုး Windows ခွေဖြစ်တာမှန်ပေမယ်လို့ Microsoft Server ကနေ တိုက်ရိုက်ဒေါင်းလုပ်ချပြီး ရလာတဲ့ Original Windows ISO တွေကို ကျွမ်းကျင်နားလည်သူတွေက သူတို့စိတ်တိုင်းကျ ပြင်ဆင် တည်းဖြတ်ထားတဲ့ Customized Windows ခွေတွေကို ဆိုလိုတာပါ။

 

သူတို့မှာ အားသာချက်လည်းရှိသလို အားနည်းချက်တွေလည်း တော်တော်များများရှိတယ်။ ဥပမာအနေနဲ့ ပြောရရင် - Original ISO မှာ ပါတဲ့ Windows Components တွေ မစုံတော့တာမျိုး၊ Registry တွေ ပြင်ထားတာမျိုး၊ Services တွေဖြုတ်ထားတာမျိုး၊ Themes တွေ ပြောင်းပစ်လိုက်တာမျိုး အစရှိသဖြင့် ပုံစံမျိုးစုံရှိတယ်။ အားသာချက်ကတော့ ပုံမှန် Original Windows ISO ထက် File Size ပိုနည်းတာ၊ Components တွေဖြုတ်ပြီး Registry တွေ ပြင်ထားတဲ့အတွက် Old PC တွေ၊ Laptop တွေမှာ သွက်သွက် လက်လက်သုံးလို့ရတာ စသဖြင့်ပေါ့။ အားသာချက်လို့ ပြောလို့ရသော်ငြားလည်းပဲ သူ့ရဲ့အကြီးမားဆုံး အားနည်းချက်က Original Windows ISO မဟုတ်တော့တဲ့အတွက် Security ပိုင်းဆိုင်ရာ အာမခံချက် လုံးဝမရနိုင်တော့ဘူး။ ဘယ်သူပြင်လို့ ပြင်ထားမှန်းမသိ၊ စိတ်ချရတဲ့သူ ပြင်ထားတာ ဟုတ်မဟုတ်ဆိုတာလည်း ဝေခွဲလို့မရ၊ ဘာတွေဖြုတ်လို့ ဘာတွေပေါင်းထည့်ထားမှန်း ဘယ်လိုမှမသိရနဲ့ မသိနားမလည်ဘဲ အပေါ်ယံ ကာဘာကိုကြည့် လန်းတယ်ဟဆိုပြီး ဝယ်သုံးကြည့်လိုက်တဲ့ Windows ခွေတစ်ခွေဟာ နောက်ကွယ်ကနေ ကိုယ်မသိဘဲ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူနေတာမျိုး၊ Security ပိုင်းဆိုင်ရာ အားနည်းချက်တွေ ကြောင့် Malicious Software အလွယ်တကူ ဝင်လာတတ်တာမျိုး၊ Windows က မနေ့တစ်နေ့က တင်ထားပြီး ဘာဖြစ်လို့ဖြစ်မှန်းမသိ Errors တွေ တတ်လာတက်တာမျိုး အစရှိသဖြင့် ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများ ဖြစ်ကြရတယ်။

ဒါမျိုးဖြစ်စဉ်တွေ ရှောင်ရှားနိုင်ဖို့ ကျွန်တော်အကြံပေးချင်တာ Microsoft Server က တရားဝင်တင်ပေးထားတဲ့ Windows နဲ့ Office Original ISO တွေကို ဒေါင်းလုပ်ချပြီး သုံးပါ။ အရင်ကဆို အဲ့လို Original ISO ရဖို့ဆိုတာ အတော်လေးခက်တယ်။ ခုနောက်ပိုင်းနှစ်တွေမှာတော့ Microsoft Windows and Office ISO Download Tool ဆိုတဲ့ Tool အသေးစားလေးတစ်ခု ပေါ်လာတယ်။

 

အကောင်သေးပေမယ့် အသုံးတည့်တယ်။ သူ့တစ်ခု တည်းကနေ Windows 7, 8, 10 ဆိုတာတွေအပြင် Office 2010, 2013, 2016 ခုနောက်ဆုံး 2019 ထိ (Mac Version ပါအပါ) Microsoft Server မှာ တင်ထားတဲ့ Original ISO အကုန်ဒေါင်းလုပ်ချနိုင်တယ်။ အရင်က ကျွန်တော်ကိုယ်တိုင်လည်း အပေါ်မှာ ပြောခဲ့တဲ့ အတုအယောင် OS တွေ တောက်လျှောက်သုံးခဲ့တယ်။ ပြဿနာမျိုးစုံလည်း ကြုံခဲ့ရတယ်။ ခုတော့ ကျွန်တော် အတုအယောင် Windows တွေ အယောင်ဆောင် Office တွေ မသုံးတော့ဘူး။ Original ISO ကို ပြောင်းသုံးလို့ ရလာတဲ့ အကျိုးကျေးဇူးကို ကျွန်တော် သဘောပေါက်ခဲ့ပြီ။

ကျွန်တော့်အနေနဲ့ ဒီနေရာမှာ Windows နဲ့ Office တင်မက တခြားခြားသော ပိုက်ဆံနဲ့ ဝယ်သုံးခိုင်းတဲ့ Software မှန်သမျှ ဖြစ်နိုင်ရင် ဝယ်သုံးကြဖို့ တိုက်တွန်းချင်တယ်။ အကြောင်းကြောင်းကြောင့် မတတ်နိုင်တဲ့အခါ Free သုံးချင်တယ်ဆိုရင် Open Source ကို ပြောင်းသုံးကြည့်ပါ။ Open Source လည်း မသုံးချင်ဘူး ပိုက်ဆံလည်း မတတ်နိုင်ဘူးဆိုရင် Web based applications တွေကို သုံးကြည့်ပါ။

မတူညီတဲ့ကွဲပြားမှုတွေကို လေ့လာပါ။ သိရှိခဲ့တာတွေကို မျှဝေနိုင်ဖို့ကြိုးစားပါလို့ ကျွန်တော် တိုက်တွန်းပါရစေ။

Zawgyi & Unicode Guide for Windows 10

အခုနောက်ပိုင်းမှာ ကွန်ပျူတာ အသုံးပြုသူ အများစု Windows 10 ကို ဦးစားပေး သုံးလာကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လက်ရှိ Windows 10 ပဲ သုံးပါတယ်။ Windows 10 သုံးခဲ့တာ ကြာခဲ့ပြီမို့လို့ သူ့ရဲ့ အားသာချက်၊ အားနည်းချက် တော်တော်များများကိုလည်း ကျွန်တော့်အနေနဲ့ တီးမိခေါက်မိရှိပါတယ်။ ခုလက်တလော ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာတစ်ခုက Windows 10 x64 bit သုံးကြသူအများစု မကြာခဏကြုံနေရတဲ့ မြန်မာစာ၊ မြန်မာဖောင့် အဆင်မပြေတဲ့ ပြဿနာအကြောင်းပါ။  

ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဖြေရှင်းနည်း သိခဲ့ပြီမို့လို့ ခုချိန်မှာ အခက်အခဲသိပ်မရှိတော့ပါဘူး။ Windows 10 x64 bit မှာ မြန်မာလို အဆင်ပြေပြေ စာရိုက်ချင်တယ် ဆိုရင် တခြား Installer တွေ မေ့လိုက်ပါ။ လက်ရှိအချိန်ထိ နောက်ဆုံးထွက်ထားတဲ့ KeyMagic Keyboard ကို သုံးပါ။
  • Office 2010, 2013, 2016 မှာ စာရိုက်ရင် ဘာမှမပေါ်ဘူး ဒါမှမဟုတ် လေးဒေါင့်တုံးတွေပဲ ပေါ်တယ်ဆိုသူတွေ http://www.unicode.today/ မှာ Office အမျိုးအစားအလိုက် ပေးထားတဲ့ ဖောင့်ကို အသေအချာရွေး၊ ဒေါင်းလုပ်ချပြီး Install လုပ်ပါ။ ပြီးရင် အထက်မှာ ဖော်ပြထားတဲ့ KeyMagic Keyboard ကို သုံးပါ။ ဒါဆို ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။
  • Office 2010, 2013, 2016 မှာ စာရိုက်ရင် ဝလုံးလို အစက်တွေနဲ့ အဝိုင်းတွေပဲ ပေါ်တယ်ဆိုသူတွေ များသောသဖြင့် အဲ့လိုပြဿနာက Office x64 bit Versions တွေမှာ ဖြစ်တတ်ပါတယ်။ OpenType Features ကြောင့်ဖြစ်တာပါ။ အပေါ်မှာရေးထားတဲ့ ပထမနည်းနဲ့ မပြေလည်ရင် OpenType Features ​အောက်က Ligatures မှာ All ပေးလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ အသေးစိတ် လုပ်ဆောင်ပုံကို ဒီနေရာမှာဖတ်ကြည့်ပါ။
  • Office မှာ စာရိုက်ရင် တချို့စာတွေကို Zawgyi-One နဲ့ရိုက်ပြီး တချို့စာတွေကို Unicode နဲ့ ရိုက်ချင် သူတွေအတွက်လည်း အပေါ်မှာ ဖော်ပြထားတဲ့ KeyMagic Keyboard ကိုပဲ သုံးပါ။ Ctrl+Shift အတွဲကို အချိန်းအပြောင်းလုပ်ပြီး Eng-Myn ပြောင်းရိုက်လို့ရသလို Unicode နဲ့ Zawgyi ကိုလည်း Taskbar ရဲ့ Tray icons ထားရာနေရာကနေ အချိန်းအပြောင်းလုပ်ပြီး သုံးလို့ရပါတယ်။
  • အရင် Unicode မသုံးခင်က Zawgyi-One သုံးပြီး တချို့ Files, Folders တွေကို မြန်မာလို ပေးခဲ့ဖူးရင် Widows ပြန်တင်လိုက်ရတဲ့အခါ ဒါမှမဟုတ် Themes တွေ ပြောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာကြောင့် မြန်မာလိုရေးထားတာတွေပျောက်ပြီး လေးဒေါင့်ကွက်တွေ ပေါ်တတ်ပါတယ်။ အဲ့ဒီ့အတွက် ဘယ်တော့မှ Update မထွက်တော့ပေမယ့် လက်ရှိအချိန်ထိ သုံးလို့ရနေတဲ့ Alpha Zawgyi 2008 Version ကိုသုံးပါ။ Installer ကို အောက်မှာပေးထားပါတယ်။
  • Firefox Browser တွေမှာ မြန်မာဖောင့် မမြင်ရဘူး ဆိုသူတွေ ဒီဗွီဒီယိုကိုကြည့်ပါ။ Google Chrome မှာ မြန်မာဖောင့် မမြင်ရဘူး ဆိုသူတွေ ဒီဗွီဒီယို ကိုကြည့်ပါ။
  • နောက်ဆုံးပြောချင်တာတော့ ဒီ Blog မှာ များသောအားဖြင့် Software တွေ တိုက်ရိုက်တင်ပေးတာမျိုး ကျွန်တော်လုပ်လေ့မရှိပါဘူး။ Links တွေ ခဏခဏ ပျက်တတ်တာကြောင့်ရော၊ Copyright နဲ့ ငြိတာတွေကြောင့်ရော မတင်ပေးဖြစ်တာပါ။ ဒါပေမယ့် Font ပြဿနာက အဖြစ်များကြလို့ ဒီတစ်ခါတော့ လက်ရှိကျွန်တော်စုထားပြီး မဖြစ်မနေ သွင်းထားသင့်တဲ့ Fonts အများစုရယ်၊ Myanmar Keyboard တွေရယ် အားလုံးရောပြီး တင်ပေးထားပါတယ်။ Alpha Zawgyi 2008 Version အပါအဝင် Unicode Keyboard တွေပါ အစုံထည့်ထားပါတယ်။ ဒီနေရာမှာယူပါ။
ကျွန်တော်အခု ရေးခဲ့သလောက်ဆို Windows 10 မှာ မြန်မာဖောင့်နဲ့ ပတ်သက်တဲ့ ပြဿနာအများစု ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။

Windows 10 & Myanmar Fonts (Unicode + Non-Unicode) Installation Guide

2016-02-07_131112

Windows 10, Myanmar Fonts and Configuration Settings Review ဆိုပြီး ၂၀၁၄ ခုနှစ် Windows 10 ပေါ်ခါစတုန်းက စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့နောက်ပိုင်း ဘလော့ကို ပုံစံပြင်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်၊ စာလည်း မရေးဖြစ်ခဲ့တာ တစ်နှစ်တောင် ကျော်ခဲ့ပြီပေါ့။ မှတ်မှတ်ရရ ၂၀၁၅ ခုနှစ်ထဲမှာ ဘာတစ်ခုမှကို မရေးဖြစ်ခဲ့ဘူး။ အဲ့နောက်ပိုင်း Windows 10 ကို တင်လိုက်ချလိုက်၊ Virtual နဲ့စမ်းလိုက်တော့ လုပ်ဖြစ်တယ်။ အဲ့လိုစမ်းဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ရုံးသုံးအဖြစ် အခုနောက်ပိုင်း အတော်နေရာရလာတဲ့ မြန်မာယူနီကုတ်နဲ့ အဆင်ပြေ/မပြေဆိုတာရယ်၊ ရုံးသုံးမဟုတ်ပေမယ့် အင်တာနက် စာမျက်နှာ အများစုမှာ အသုံးများတဲ့ ဇော်ဂျီနဲ့ အဆင်ပြေ/မပြေ သိချင်တာရယ်၊ Non-Unicode Fonts တွေ ဆက်သုံးလို့ ဖြစ်/မဖြစ်ဆိုတာရယ် သိချင်တာကြောင့်ပါ။

Why You Should Know Privacy Statements for Windows 10 Technical Preview


Windows 10 အကြောင်း စရေးခဲ့တာ မကောင်းကြောင်းရေးချင်လို့ စခဲ့တာတော့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း တစ်စိုက်မတ်မတ် Windows ကို တောင်လျှောက် သုံးလာခဲ့တာ။ Linux ကို ဗဟုသုတရအောင်လို့ သုံးခဲ့တယ်ဆိုပေမယ့် စွဲစွဲမြဲမြဲကြီး မဟုတ်ဘူး။ အလုပ်နဲ့ ပတ်ဝန်းကျင်က Windows ကို တောင်းဆိုနေချိန်မှာ ကိုယ်တစ်ယောက်လည်း Ubuntu လုပ်လို့လည်း မရဘူး။ 

Windows 10 နဲ့ ပတ်သတ်လို့ ရေးပြီးခဲ့တဲ့ ပို့စ် တွေ ပြန်ကြည့်ကြည့်တော့ ကောင်းကြောင်းထက် မကောင်းကြောင်းကို ဇောင်းပေးရေးသလိုတောင် ဖြစ်နေတယ်။ အခုရေးမယ့် အကြောင်းကလည်း ကောင်းကြောင်းဖြစ်နိုင်သလား၊ မကောင်းကြောင်းဖြစ်နိုင်သလား။ အဲ့တာကတော့ စာဖတ်သူရဲ့ သုံးသပ်ချက်အပေါ်ပဲ မူတည်လိမ့်မယ်။

Windows 10 ထွက်လာတော့ ဘယ်နေရာကြည့်ကြည့် နေရာတကာမှာ Windows 10 အကြောင်း အသားပေးရေးကြတယ်။ အသစ်အဆန်းဆိုတော့ စာဖတ်သူလည်း စိတ်ဝင်စားတယ်။ နောက်ပြီး Windows 10 Technical Preview က လောလောဆယ်မှာ လူတိုင်းကို အလကားမတ်တင်း သုံးခွင့်ပေးထားတော့ ဘလော့တိုင်းကလည်း စမ်းသုံးဖို့ တိုက်တွန်းကြတယ်။ ဒါပေမယ့် လက်ရှိစမ်းသုံးကြည့်ဖို့ ထုတ်ပေးလိုက်တဲ့ Windows 10 ကို အသုံးခင်မှာ သိထားသင့်တာလေးတွေ လက်ဆင့်ကမ်းလိုက်ချင်တယ်။ 

Windows 10 ကို စမ်းသုံးဖို့ မကန့်ကွက်လိုပေမယ့် ပင်မဝင်းဒိုးအနေနဲ့ အဓိကထားပြီး မသုံးဖို့ကို အရင်ပို့စ်မှာလည်း ရေးခဲ့တယ်။ ဘာလို့လည်းဆိုတော့ Microsoft ကနေ Windows 10 Technical Preview နဲ့ပတ်သတ်ပြီး တရားဝင်ထုတ်ပြန်ထားတဲ့ Privacy Statements တွေထဲက ဖော်ပြချက် တစ်ချို့မှာ စဉ်းစားစရာတွေ ရှိနေလို့။


Data We Collect ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေထဲက တစ်ချို့စာကြောင်းတွေဟာ ပုံမှန် OS တစ်ခုကနေ စုဆောင်းလေ့ရှိတဲ့ အတိုင်းအတာထက် ကျော်လွန်လာတာ တွေ့ရတယ်။ ဥပမာ -

  • ပရိုဂရမ်တစ်ခုကို Install လုပ်ပြီး သုံးတာနဲ့ ဘယ်သူသုံးတယ်၊ ဘယ် Devices ကနေသုံးတယ်၊ ဘယ် Network ကနေ သုံးတယ်ဆိုတဲ့ အချက်အလက်တွေ သူယူမယ်လို့ ပြောတယ်။
  • အဲ့ထဲမှာ နာမည်တွေ၊ အီးမေးလ်လိပ်စာတွေ၊ ဘာတွေ စိတ်ဝင်စားသလဲ၊ ဘယ်လို အပြင်အဆင်ကို ကြိုက်သလဲ၊ အင်တာနက်မှာ ဘာတွေကြည့်ခဲ့သလဲ၊ ဘယ်ဖိုင်တွေကို ရှာသလဲ၊ ဘယ်တွေကို ဖုန်းခေါ်သလဲ ... ဆိုတာတွေ အကုန်ပါမယ်။
  • ဖိုင်တစ်ခုကို ဖွင့်လိုက်တာနဲ့ ဖိုင်က ဘာဖိုင်လဲ၊ အဲ့ဖိုင်ကို ဘယ် App သုံးပြီး ဖွင့်သလဲ၊ ဘယ်လောက်ကြာအောင် ဖွင့်သလဲ ဆိုတာတွေလည်း အကုန်သိချင်တယ်။ (ရည်ရွယ်ချက်က Performance ကောင်းအောင် ပြင်ချင်လို့ပါလို့ ပြောထားတယ်။)
  • နောက်ပြီး စာစရိုက်တာနဲ့ ဘယ်စာလုံးတွေရိုက်တယ်ဆိုတာကိုလည်း သိချင်တယ်။ (ရည်ရွယ်ချက်က Autocomplete နဲ့ Spellcheck Features ပိုကောင်းအောင် သုံးချင်လို့ပါလို့ ပြောထားတယ်။)

အဲ့တော့ သူရေးထားတာကို မျက်မြင်အတိုင်း သုံးသပ်ကြည့်ရင် Keylogger သုံးဖို့ Microsoft ကနေ တရားဝင် ခွင့်ပြုချက် တောင်းခံထားတာလားလို့တောင် ထင်ရတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်လည်း လူအများစုရဲ့ အကြိုက်နဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ဆိုတာ တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုကို ထောင့်စေ့စေ့ အကွက်ကျကျ ခြေရာကောက်နိုင်မှာပဲ ဖြစ်နိုင်တယ်။ နောက်ပြီး Microsoft ဟာ နာမည်ရပြီးသား ကော်ပိုရေးရှင်းကြီး တစ်ခုပါ။ သူပြောထားသလို တကယ် Improvement လုပ်ချင်လို့ ဒီအချက်အလက်တွေ စုဆောင်းတာ ဖြစ်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာ ရှိတယ်။ တစ်ချို့ လျှို့ဝှက်ချက်တွေက လူသိသွားလည်း အကြောင်းမဟုတ်ပေမယ့် တစ်ချို့ကိစ္စတွေမှာ လုံးဝလူသိမခံချင်ကြတဲ့ လျှို့ဝှက်ချက်မျိုးတွေ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ရှိကောင်းရှိနိုင် ကြသေးတယ်။ အဲ့တာကြောင့် Windows 10 Technical Preview စမ်းသုံးဖို့ စိတ်ကူးရှိသူများ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေ သတိပြုပါ။ အချိန်ပေးနိုင်ရင် Privacy Statements ကို လေ့လာပါ။ ကိုယ့်အတွက် Sensitive ဖြစ်မယ့် အကြောင်းအရာတွေကို Windows 10 Technical Preview ထဲ Log in ဝင်တိုင်း သတိလေးကပ်ပြီး အသုံးပြုနိုင်ကြဖို့ လက်ဆင့်ကမ်းချင်ပါတယ်။

TechSectors.

Windows 10, Myanmar Fonts and Configuration Settings Review


Windows 10 ကို Virtual Box နဲ့ စမ်းသုံးကြည့်လိုက်တော့ အမြင်အားဖြင့် ဘာမှ သိပ်ထူးခြားမှု မရှိသလို ထင်ရပေမယ့် လက်တွေ့မှာ အပြောင်းအလဲ အတော်များများ ပြုလုပ်ထားတာ တွေ့လာရတယ်။ ဝင်းဒိုးထဲစဝင်ဝင်ချင်းမှာ ပထမဆုံး သတိထားမိတာက Start Menu - သိရသလောက် Desktop နဲ့ Laptop Users အများစုက Charms Bar နဲ့ Start Menu Screen ကို သဘောမကျကြဘူး။ လှသလိုလို ခံစားရပေမယ့် Touch-Enabled Devices မဟုတ်လို့ ထင်သလောက် အသုံးမတဲ့ဘူးလို့ ယူဆလို့ရတယ်။ ဒါကို မိုက်ကရိုဆော့ဖ်ကလည်း လက်ခံတယ်။ နောက်လာမယ့် Windows 10 Final Version မှာ Charms Bar က Touch-Enabled Devices တွေကလွဲရင် ပါလာမှာ မဟုတ်တော့ဘူး။ Start Menu Screen ကတော့ "Taskbar and Start Menu Properties" Dialog Box အောက်က "Start Menu" Tab အောက်မှာရှိတဲ့ "Use the Start menu insted of the Start Screen" ကို Deselect လုပ်ပေးလိုက်ရင် အရင်လို ပြန်ရပါတယ်။


ပြီးတော့ Restart နဲ့ Shut Down ကလည်း အရင်တုန်းကထက်စာရင် Access လုပ်ဖို့ အများကြီး လွယ်ကူသွားပြီ။ အိမ်မှာ တစ်လခြား တစ်ခါလောက် ဝင်းဒိုးပြောင်းတင်လေ့ရှိတော့ Windows 8 တင်တိုင်း အိမ်ကမိန်းမနဲ့ အမြဲပြဿနာ တက်ရတယ်။ သူက Restart နဲ့ Shut Down ဘယ်နားရှိတယ်ဆိုတာ မရှာတတ်ဘူး။ နောက်ပိုင်း သင်ပေးလို့ သုံးတတ်သွားပေမယ့် Windows 8 တို့ 8.1 တို့ဆို သူအာရုံ သိပ်မလာတာ ကျွန်တော် သတိထားမိတယ်။ ခုတိုင်းဆို Windows 10 မှာတော့ အာရုံပြန်လာမယ့် သဘောရှိတယ်။


နောက်ပြီး ဝင်းဒိုးထဲ စရောက်ရောက်ခြင်းမှာ တစ်ခြား ဘာမှ လိုက်မကြည့်ပဲ  မြန်မာဘာသာနဲ့ ပြောင်းသုံးလို့ ရမရ ပထမဆုံး သွားကြည့်ဖြစ်တယ်။ အဖြေကတော့ လက်ရှိအချိန်ထိ "No" ပါ။ အရင် Windows 8 မှာတုန်းကတော့ Windows စတင်တင်ချင်း Keyboard or Input Method မှာ Myanmar ဆိုပြီး ရွေးစရာပါလာတာ သတိထားမိတယ်။ စမ်းလည်း စမ်းကြည့်ခဲ့ဖူးတယ်။ အဲ့လိုတင်လိုက်ရင် မြန်မာလက်ကွက်နဲ့ Keyboard တစ်ခုပါလာပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါ တစ်ခြား မြန်မာကီးဘုတ်တွေ ထပ်တင်ရင် Conflict ဖြစ်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ ကိုယ့်စက်တစ်ခုတည်း ဖြစ်တာလားတော့ မပြောတတ်ဘူး။ အခုလည်း Windows 10 မှာ Myanmar Fonts ဆိုလို့ Myanmar Text ဆိုတဲ့ ဖောင့်တစ်မျိုးတည်းကိုပဲ Regular နဲ့ Bold ဆိုပြီး ၂ မျိုးခွဲ ထည့်ပေးထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ အားမရဘူး။


နောက်ထပ် စပ်စုမိတာတစ်ခုက အရင် x32-bit Windows တွေမှာ မြန်မာဖောင့်နဲ့ ပတ်သတ်ပြီး ပြဿနာ မရှိခဲ့ဘူး။ မြန်မာလိုမြင်ချင် မြန်မာလိုရိုက်ချင်ရင် သုံးနေကျ Alpha Zawgyi Version 2.0.0.12 သုံးလိုက်ရင် အားလုံးအဆင်ပြေသွားတယ်။ ဒါပေမယ့် x64-bit ကိုပြောင်းသုံးတော့ ကီးဘုတ်က အဆင်ပြေပေမယ့် တချို့ Apps တွေမှာ မြန်မာလို ကောင်းကောင်းမပေါ်တာ တွေ့လာရတယ်။ ဒါပေမယ့် Windows 7 x64-bit အထိ အဲ့တာက ပြဿနာ မဟုတ်သေးဘူး။ ဘာလို့လည်းဆိုတော့ Personalization အောက်က Window Color and Apperence ကို ဝင်လိုက်ရင် Advanced Apperance Settings ဆိုတာရှိတယ်။ အဲ့မှာ Item တစ်ခုချင်းစီကို လိုချင်တဲ့ Font ပြောင်းလို့ရတယ်။ ဒီလောက် အဆင်ပြေနေတဲ့ Apperance Settings က Windows 8 နဲ့ 8.1 လည်း ရောက်ရော ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ အဲ့ဒီ့ Advanced Apperance Settings မပါတာက x32-bit Windows မှာ Alpha Zawgyi Version 2.0.0.12 ရှိနေလို့ ပြဿနာ မဟုတ်ပေမယ့် x64-bit ကိုလည်း ပြောင်းရော အဆင်မပြေတော့ဘူး။ ဒီပြဿနာတွေ ပြေလည်ဖို့ Advanced Apperance Settings များ Windows 10 မှာ ပြန်ပါမလားဆိုပြီး ရှာကြည့်မိတယ်။ လက်ရှိ Windows 10 Technical Preview မှာ ပါမလာသေးတာတော့ သေချာသွားပါပြီ။ Final မှာ ပြန်ပါလာနိုင်မလား ဒါကိုတော့ စောင့်ကြည့်ရဦးမယ်။


နောက်ထပ်ထူးခြားတာတွေကတော့ အရင်က သီးခြားစီဖြစ်နေတဲ့ Metro / Modern / Universal / Windows Store Apps တွေ အခုဆို Desktop ပေါ်မှာ Run နိုင်နေပြီ။ နောက်ပြီး Linux မှာ ရှေးပဝေသဏီတည်းက သုံးလို့ရတဲ့ Virtual Desktops အခု Windows မှာလည်း သုံးနိုင်ပြီ။ နောက် Command Prompt မှာလည်း အများကြီး ပြောင်းလဲမှုလုပ်ထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ နောက်မှ ထပ်ရေးဦးမယ်။

TechSectors.

Download Windows 10 Technical Preview



၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့မှာ အရင်တုန်းက Windows 9 ထွက်မယ်လို့ နာမည်ကြီးနေရာကနေ Microsoft က Windows 10 Technical Preview ဆိုပြီး မိတ်ဆက်လိုက်တယ်။ အဲ့တာကိုတော့ အကျယ်မချဲ့တော့ဘူး။ အားလုံးလည်း သိပြီး လောက်ပြီ။ မြန်မာနိုင်ငံမှာတောင် အင်တာနက်ဂျာနယ်ထဲ ပါတာ တွေ့မိသေးတယ်။

ကိုယ်တိုင် စမ်းကြည့်ချင်လို့ တစ်နေ့က ဒေါင်းလုပ်ချပြီး ဒီနေ့မှ စစမ်းဖြစ်တယ်။ ဘာထူးသလဲဆိုတော့ ဘာမှတော့ သိပ်မထူးသေးဘူး ထင်တယ်။ Windows 8.1 လိုပဲ။ နည်းနည်း ထူးသွားတာ သိပ်အသုံးမတည့်တဲ့ Charms Bar ပျောက်သွားတယ်။ သိရသလောက်တော့ လာမယ့် Windows 10 မှာ Desktop နဲ့ Laptop Users တွေအတွက် Charms bar ပါမှာ မဟုတ်တော့ဘူး။ Charms bar ကို Touch-Enabled Devices တွေမှာပဲ ထည့်သွင်းသွားမယ်လို့ ပြောတာ တွေ့ရတယ်။ နောက်ပြီး Brand New Start Menu ပါလာတယ်။ ပိုပြီး သုံးလို့ အဆင်ပြေသွားတယ်။


ကော်နက်ရှင် ကောင်းသူများ Windows 10 Technical Preview စမ်းသုံးချင်တယ်ဆိုရင် ဒီနေရာကနေ ဒေါင်းလုပ်ချနိုင်တယ်။ Technical Preview က အလကားပေးတယ် ဆိုပေမယ့် သူ့ကို ဒေါင်းလုပ်ချဖို့အတွက် Windows Insider Program မှာ အရင်ဆုံး Sign Up လုပ်ဖို့ လိုတယ်။ နောက်ပြီး Preview Version က 32-bit (x86) က 2.9GB လောက်ရှိပြီး 64-bit (x64) က 3.8GB လောက်ရှိတယ်။



ဒေါင်းလုပ်ချဖို့ အဆင်ပြေအောင် Direct Download Links တွေ စုပေးထားတယ်။

English (64-bit) | English (32-bit)
English (United Kingdom) (64-bit) | English (United Kingdom) (32-bit)
Chinese (Simplified) (64-bit) | Chinese (Simplified) (32-bit)
Portuguese (Brazil) (64-bit) | Portuguese (Brazil) (32-bit)

Product Key လည်း အောက်မှာ ပေးထားတယ်။
NKJFK-GPHP7-G8C3J-P6JXR-HQRJR
ကျွန်တော်တို့ တစ်ခုသိထားရမှာ ဒါ Final Version မဟုတ်ဘူး။ စမ်းသုံးကြည့်ပြီး အဆင်မပြေတာတွေကို Feed Back ပြန်ပေးနိုင်အောင် သုံးခိုင်းထားတာ။ အဲ့တာကြောင့် Dual-Boot သုံးချင်လည်း ဖြစ်တယ်။ Virtualization Software နဲ့ သုံးမယ်ဆိုလည်း ကောင်းတယ်။ နဂိုကောင်းနေတဲ့ ဝင်းဒိုးကို ဖျက်ပြီး ဒီ Windows 10 Technical Preview ကိုတော့ အဓိကထား မသုံးစေချင်ဘူး။ နောက်ပြီး Windows 10 Technical Preview က April 15, 2015 မှာ Expire ဖြစ်မယ်။ နောက်ပြီး Windows 10 Technical Preview ရဲ့ System Requirements က Windows 8.1 အတိုင်းပဲ။ 

TechSectors.

Related Posts